Tuesday, June 18, 2013

အသည်းကွဲရမ်သမ်

 အသည်းကွဲရမ်သမ်



 (၁)

နင်ဟာ..ငါရဲ့..့ကောင်းကင်စစ်စစ်ပါလို့
အမှုန်အမွှားကြယ်စင်တစ်စင်းကို ခေါင်းငှဲ့လှည့်အပြောမှာ
နင်ပြိုဖို့ ဖြဖြ အုံ့ဆိုင်းနေရစ်လေပြီ....။

အလွမ်းအက်ရှသံတွေနဲ့ ငါ့..ဘ၀လေးလံနေစေဖို့
ငါသာယာမိတဲ့ ဘောင်ကျည်းကျည်းလေးထဲမှာပဲ
ငါ့..ဆန္ဒကိုသာ အနက်ရှိုင်းဆုံးထိစီးဆင်းစေခဲ့တယ်
တရိုတသေ သိမ်းဆည်းထားမိတဲ့ ၇င်ဘတ်တစ်ခုလုံးနဲ့
မေတ္တာတွင်းနက်နက်ထဲက ငါ့..သက်ပြင်းချသံဟာ
အထိမ်းအကွပ်မဲ့ စည်းလွတ်ဘောင်လွတ်ဆိုတော့..
ရင်ဘတ်ချင်းငြိကြတဲ့ပွဲမှာ အသည်းကွဲခြင်းကို
မှတ်တိုင်ပျောက် မောင်းနှင်ရပြန်ပြီပေါ့....။

  (၂)

ဒီလိုပါပဲ....တစ်ခါခါ
အချစ်ဆိုတာအနမ်းနဲ့ ကမ်းလှမ်းမလာတော့
အလွမ်းအဆွေးနဲ့ အဖျားသွေးတက်လာရတာပေါ့...။

အိမ်မက်အရိအရွဲတွေထဲမှာပဲ ငါ့ မျှော်လင့်ချက်နဲ့
ငါ့..အနာဂါတ်တွေ ပုပ်အက်စပြုလာသလိုလို
အချစ်ဆိုတာကိုယုံကြည်မိနေတဲ့ အေတြး အာရုံတွေဟာ
သွေးလေခြောက်ခြား ညောင်းရိခဲ့ရတော့
ရွယ်ရုံလောက်နဲ့ ကွဲတဲ့အသည်းအတွက်
ဘယ်သူမျှေ၀ကြေကွဲပေးမလဲ
ငါ့..ရင်ဘတ်ကမ်းတွေပြိုသမျှ
ဘယ်သူ့ ဘက်မှာသောင်ထွန်းပေးမှာလဲကွယ်...။

(၃)

ချစ်သူ့...စကားသံတွေနဲ့ ငါ့ အနာဂါတ္က
တဖြည်းဖြည်း နက်မှောင်စေးထန်းလာတော့
ငါဖွင့်လှစ်လိုက်တဲ့ အသည်းတံခါးချပ်ပြန်အပိတ်မှာ
မျော်လင့်ချက်ကလေး ညပ်သွားခဲ့တော့တယ်
ရုတ်တရက်ထွန်းညှိလိုက်တဲ့ ၇မ်သမ်တစ်စမှာ
ငါဟာ အရုပ်ကြိုးပြတ် ခါးသက်နေချိန်မှာတောင်
ငါမငိုမိခဲ့ဘူး...ငါငိုလို့
အိပ်မက်တွေ တရေးအနိုးမှာအလွမ်းတွေနဲ့ပဲ
ငါ့..ဘ၀က အသက်ငင်နေရမှာစိုးလို့....။

             မင်းခက်(၂၈.၅.၂၀၁၃) ၁၂း၄၈ AM


No comments: