ငါ့...နံရိုးလေး ထိုးစိုက်ခွင့်မရှိတဲ့မြို့
*********************************
ခဏလောက်ဗျာ
နားစိုက်ထောင်လိုက်စမ်းပါ
အဲဒီ့...ရင်ညည်းသံစစ်စစ်က
ငါ့..နံရိုးတစ်ချောင်း ရင်းနှီး အမြုပ်နှံခံ
အခြေကျချင်တဲ့ မြို့တော်ကလာတာ....။
လှမ်းကြည့်စမ်းပါ...
အဲ့မြို့လေးမှာ...
နှောင်တွယ်ရာအတွက် 
သံယောဇဉ်တွေနဲ့ ကာရံထားတယ်
အချစ်ရဲ့ဗီးနပ်စ် တွေ မြို့ကိုစောင့်ကြပ်တယ်
မြို့တံခါးနံရံတွေမှာ ယုံကြည်မှု့တွေ အပြည့်နဲ့ ချိတ်ဆွဲပြထားတာက အဲ့မြို့ရဲ့ အထာ...
သစ္စာနဲ့ ထုပ်ပိုးထားတဲ့ မေတ္တာတရားတွေထုတ်ပြမှ
အဝင်အထွက်လုပ်လို့ရတဲ့ မြို့......။
အဲ့ဒီမြို့မှာ....
အကြင်နာတရားတွေနဲ့ ဖြန်ခင်းထားတဲ့ 
လမ်းတချို့ရှိသလို 
ချစ်ခြင်းတွေ ပွတ်တိုက်မှု့မဖြစ်အောင်
နားလည်မှု့  သုံးစွဲပြီး 
အချက်ပြစံနစ်တွေဖန်တီးထားကြတယ်
အဲ့ဒီမြို့မှာ....
ချစ်ခြင်းတွေန်ယက်စိုက်ပျိုးရာ 
နှလုံးသားယာခင်းတွေရှိတယ်
အမုန်းတို့ မြုပ်နှံပစ်ရာ
ဂူသင်္ချိုင်းတွေရှိတယ်
ခံစားချက်ဒဏ်ရာကုစားရာ 
ဆေးရုံ.ဆေးပေးခန်းတွေရှိတယ်
စိတ်နှလုံးပျော်မွေ့ရာ..
ဧဒင်ဥယျာဉ်ဟောင်းလေးရှိတယ်
အဲဒီမြို့မှာ....
မေတ္တာစစ်စစ်တွေနဲ့ သာဖလှယ်လို့ရတဲ့
အချစ်ဆိုင်ရာ စျေးခင်းကြီးက 
မြို့အလယ်မှာ ဟည်းထလို့
မြတ်နိုးခြင်းတွေရောင်းချဖို့ စျေးဗန်းခင်းကြသလို
တချို့က သည်းခံခြင်း ၊ပေးဆပ်ခြင်း
စွန့်လွှတ် အနစ်နာခံခြင်းတွေ  
အစုံအလင်ခင်းကျင်းထားကြလေရဲ့.....။
အဲ့ဒီမြို့ရဲ့.....
ညအလှက 
သဘောထား ၊ အမူအရာ၊စကားလုံးတွေနဲ့ 
ပွင့်လင်းစွာ ထွန်းညှိပေးထားလို့
မှောင်မိုက်နေတဲ့ ပြစ်တင်ခြင်း နဲ့ သံသယအကြား
လှလှပပ ကြွကြွရွရွလေး လင်းလက်လို့ 
မေတ္တာတရားတေ အလုယက်မခံရအောင် 
ကာကွယ်ပေးထားတယ်......။
အဲဒီမြို့မှာပေါ့..
ငါ့ နံရိုးလေးတချောင်း ချရောင်းလို့
ငါ့ချစ်ခြင်းတွေနဲ့ နှလုံးသားယာခင်းလေး ခင်းကျင်းစိုက်ပျိုးချင်ပေမယ့်             
ငါချစ်ခြင်းတွေ ပျိုးကြဲခွင့်မရခဲ့ဘူး..............။
အဲဒီမြို့မှာပေါ့...
ငါ့ချစ်ခြင်းတွေနဲ့ ငါလူရာဝင်ချင်ပေမယ့် 
ငါ့..ချစ်ခြင်းတွေက 
ဥပက္ခာရဲ့ ဒဏ်ရာအနာအဆာတွေကြောင့်
အဲဒီမြို့က..ငါ့မေတ္တာတရားကို 
ရန်လိုမုန်းထား လူရာမသွင်းချင်ကြပြန်ဘူးဆိုတော့.
အဲဒီမြို့ကလေးက..
ငါ....ခံစားချက် တွေကို
မျက်နှာလွှဲ မကွပ်မျတ်ခင်..           
အဲ့ဒီ့မြို့လေးကနေ..အပြေးထွက်ခွာလို့
ငါ..ရင်နင့်ပေးခဲ့တယ်............။
                          စစ်သွေးညို(22.8.2025)1:31PM
 
 
No comments:
Post a Comment