တစ်နေ့....😴😴😴😴
သဘာဝရဲ့ ပဥ္စလက်ဆန်ဆန်အတတ်တွေမှာ
ကပ်ဆိုးရဲ့ ဆက်ဆံရေးနယ်ပယ်ချဲ့ထွင်မှု့က
သက္ကရာဇ်ရဲ့ အလိုကျအတိုင်း
ရက်စွဲတွေထဲ ဦးစိုက်လို့ဆင်း
အထိမ်းအကွပ် မဲ့သွားတဲ့ဘဝတွေက
တည်ငြိမ်မှု့ ကသောကမျောနဲ့
အရိပ်မဲ့ ဝပ်ကျင်းထဲမှာတင်
မင်းတို့..ငါ့တို့တတွေဟာ
အတော်အိုဇာလာပြီပေါ့...။
ရုတ်ရုတ်သဲသဲ
ပရမ်းပတာ ထိုးနှက်ထုဆစ်လာတဲ့
ညည်းတွားခြင်းတွေကြောင့်
အိပ်မက်ချိုချိုဟာ
တောက်တခေါက်ခေါက်နဲ့
အနာဂါတ်တွေဟာ
ရိုက်ပုတ်ရပ်တန့်ခံနေရသလို
ကားလိပ်ချနိုးနိုး မျှော်လင့်ချက်က
ငိုတဝက် ရယ်တဝက်နဲ့
မနက်ခင်းတိုင်းဟာ
နေထွက်ရာ ကျောခိုင်း
နေဝင်ဖို့ချည်းကြိုးစားသွားခဲ့ကြပြီ။
စိတ်ယားယံသမျှကို
သွယ်ဝိုက်စွာ မှောက်မှားကြတဲ့ အတ္တနဲ့
သောကနဲ့ ဒုက္ခကြား ငေါထွက်ပြနေတဲ့
ဆာလောင်တပ်မက်မှု့ တွေက
သက်တန့်တွေလို ပြိုင်တူကွေးပြီး
အရောင်ကွဲလို့ ကောင်းတုန်းဆို
သတ်ပုံမမှန်တဲ့ ဝါကျအဆုံးမှာ
ဒုက္ခတွေအတွက်
မျက်ရည် နဲ့သွေးက လမ်းခင်းဖို့
အဖြည့်ခံသက်သက်ပဲဖြစ်လိမ့်မယ်။
ခဏလေးပါပဲ
စိတ်ခွပ်သမျှ မြိုသိပ်
အတွေ့အထိ တဒင်္ဂ
ရင်တစ်ခုန်စာလောက်ကို နှလုံးသားအပေါ်
ခဏတာထိုးစိုက်သင့် ထိုးစိုက်
မေတ္တာအပြည့်နဲ့
ခပ်စိမ်းစိမ်း ကြည့်နေရတဲ့
ကမ္ဘာ့ ပြဿဒါးနေ့ရက်တွေ လုပ်ကြံခံရတဲ့
တစ်နေ့...
မနက်ခင်းအသစ်စက်စက် ချွတ်လဲ
အမုန်းတွေခွာထုတ်ပြီး
မေတ္တာတွေအတူတူဖဲ့စားကြမယ်။
စိုင်းရန်နိုင် (ပြည်)
(3.10.2020)7:33 PM
Stay home ရင်းရေးသည်
No comments:
Post a Comment