ဘ၀ကို ဟီလီယမ်နဲ့လုပ်မထားတော့ လေးတယ်။
ရေခဲ ရိုက်မထားတော့ ပူတယ်။
မိုးမိုးရေ အရာရာ မီးပုံကြည့်ကနေရတော့
လင်စိတ် သားစိတ်အံသေကုန်ပြီလား
ပန်ဒိုရာဘောက်ထဲက အခွံကြီးသာ ကျန်တဲ့ တို့မျှော်လင့်ချက်တွေ
ရုပ်ရှင်ထဲမှာဆို ငါက
အမြဲတမ်းကံမကောင်းအကြောင်းမလှတဲ့ ဇာတ်လိုက်လိုအကောင်ပဲနေမှာ
ကုန်ပစ္စည်းနဲ့ကြားကန်ထားမှရတဲ့ စကြာ၀ဠာထဲက အမှုန်အမွှားဟာ
လူပေါ့
ငါ့ရဲ့နေ့စဉ်အိမ်မက်တွေဟာ
ကျီးကန်းနဲ့ ငှက်သိုက်တွေမဟုတ်ဘူး
ငါဟာအလင်းကိုပိုမိုလင်းလက်သွားစေမယ့်
အမှောင်တိုက်ကြီးတစ်ခုလား
နှစ်ဆယ်တန်လေးတစ်ရွက်ကို အိမ်မက်ထဲထိ ရောင်ရမ်းတတ်တဲ့
ဖိုးသားလေးရေ
ဘုရားရှိခိုးရင် အဖေကျန်းမာပါစေ၊ပိုက်ဆံများများရပါစေ
အမွ် အမွ် ခဏ ခဏ လုပ်တဲ့ သမီးလေး ပုတက်ရေ
ဘ၀အမွဲပြာ သံစဉ်ကိုအမြဲချိုရွှင်အောင်ကြိုးညှိနေထိုင်တတ်တဲ့
အလိုက် တသိ သမီးမိုးထူးကလေးရေ
ဒီလို ခြောက်ခြောက်ခြားခြား မလုံတလုံကြီးလို့
အဖေတို့ဘ၀ကို ခေါင်းစဉ်မတပ်လိုက်ကြပါနဲ့ကွယ်။
စီးကရက်နဲ့ အပြိုင် ရက်စွဲအလောင်အကျွမ်းများ
နာကျင်မှု့တွေပဲ့တင်တုန်ဟီး ရှော့၀င်နေတဲ့စိတ်အတွင်းသားမှတ်တိုင်များ
မသိတာနဲ့ မရှိတာ တိုက်ရိုက်အချိုးမကျအောင်မောင်းနှင်ရင်း
ငါတို့အာရုံကြောတွေကို သံမဏိ မိုးတိမ်တွေအဖြစ်ရွေ့လျားကြမယ်။
ခိုင်သစ်(နို၀င်ဘာ 2009 ၊ပိတောက်ပွင့်သစ်မဂ္ဂဇင်း)
No comments:
Post a Comment