Tuesday, March 19, 2013

အတိတ်မြို့ကလေးဆီသို့ တမ်းတမိနေတယ်ဆိုတာ


အတိတ်မြို့ကလေးဆီသို့ တမ်းတမိနေတယ်ဆိုတာ
 
သူစိမ်းဆန်မှု့တွေကြီးစိုးလွန်းတဲ့
မြို့ပြရဲ့မဟူရာညနက်နက် 
ဘ၀ထွေးပိုက်ဖြတ်သန်းချိန်
နှလုံးသားအခန်းတစ်ကဏ္႑ဆီက 
၀မ်းသာအယ်လဲ တမ်းတမိခဲ့
ငါ.တို့ပျိုမျစ်မှု့ရဲ့အတိတ်စဉ်လှိုင်း 
ဟိုး..ရွှေမြင်စိုင်း မြို့ကလေးဆီကိုပေါ့....။

တမ်းတမိတယ်.....
ခံယူချက် တနင့်တပိုးနဲ့ ငါလက်လွှဲလျှောက်နေစဉ်..
အတ္တတွေကင်းတဲ့ မြတ်ဆရာတို့ရဲ့ ချောင်းဟန့်သံတွေ...
ကျောင်းကြီးအိုအို ပညာယူစေလိုလို့ 
ကရုဏာဒေါသောရောနှောနေတဲ့ ခေါင်းလောင်းသံတွေ....
တစ်ချိန်က တွဲယှက်ခဲ့တဲ့ အဖြူရောင်သံယောဇဉ်၊
အဖြူထည်တွဲဖက်လက်တွေက..
အချိန်ကာလရဲ့နမ်းရှိုက်မှု့အောက်မှာ..
လွမ်းစေ..လွမ်းစေ ဆိုတဲ့ အမိန့်တွေနဲ့ပဲ
ငါ့..ရင်ကိုနာကျင်စေတယ်..
ငါ့..ဘ၀ရွက်တိုင် ထုတ်လွှင့်ချိန်တိုင်း
ဘ၀တစ်ကွေ့ရဲ့ပဲ့ကိုင်ရှင် အာစရိယအရှင်တို့အားဦးညွှတ်လျှက်
"မင်္ဂလာပါ ဆရာ" ဆိုတဲ့ နှုတ်ဆက်သံတွေက
ငိုသံလေးနှောလို့ ရင်တွင်းကိုပဲ့တင်ထပ်စေတယ်...။
ဘုရား ကျောင်းကန် ဆည်းလဲသံညံညံ 
ခံစားချက်ခပ်ထန်ထန်တွေက
ငါ့..လွမ်းတတ်တဲ့စိတ်တွေကို မျက်ရည်လွယ်စေတယ်.....။

တမ်းတမိနေတယ်
နင့်နေအောင်လွမ်းနေရတဲ့ စိတ်နဲ့...
သိစေချင်မိတယ်
ဆရာအိုအို..ကျောင်းအိုအိုနဲ့
ကာလတွေပြောင်း အတိတ်ဟောင်းဆီက
အတိတ်မြို့ဟောင်းလေးကို
ကျွန်တော်လွမ်းလို့ ငိုနေတုန်းဆိုတာ......

                                    စစ်သွေးညို(၁၁.၁၂.၂၀၁၂)

No comments: