Pages

Friday, August 22, 2025

အတိတ်ရဲ့ အရိပ်ဖြူ


အတိတ်ရဲ့ အရိပ်ဖြူဖြူ
******************

ဥပက္ခာပြု ကျောခိုင်းပစ်တော့မယ့်
ညနေခင်းလေးမှာ ဝသန်မိုးစက်နဲ့အတူ
အဝေးကို အတွေးနဲ့ ဆော့ကစားနေမိတယ်
မြို့ငယ်လေးနဲ့ ငယ်ဘဝအလှများအကြောင်း
အဆီအနှစ်စိမ့်ဝင်နေအောင် 
တီးခတ်ခဲ့သံချိုများ ရဲ့ မနက်ခင်း စာသင်ဝိုင်း
အိုမင်းမသွားသေးတဲ့ မနေ့ကလိုလို ဒီနေ့လိုလို  
သူငယ်ချင်းများရဲ့ လတ်ဆတ်သောပြုံးရိပ်
ငါတို့.. နှလုံးခုန်နှုန်းတေ ရိုးမသွားသေးတဲ့
ကျောင်းတက် ကျောင်းဆင်း 
အချက်ပေး သံလွင်လွင်ရယ်
ပြောချင်တာက....
ငယ်ဘဝ အငွေ့အသက်က..
ငါ့ စိတ်ဝိဥာဥ်ထဲ
အခုထိ မငြိမ်းသေးဘူးဆိုတဲ့ အကြောင်း.....။

ကျောင်းဆောင်အဝင်ပေါက်နားက 
 ငါတို့.. ငယ်ရုပ်လေးတွေရဲ့ 
နိုင်ငံတော်သီချင်း ဆိုညည်းသံတွေ နဲ့အတူ
"ဟေ.ယောင်"လို့ ခေါ်သံကြားတိုင်း
ငါ့စိတ်တေက 
ကျောင်းအိုအိုနဲ့ ဟိုးးအတိတ်မြို့လေးဆီမှာ
ငယ်ရွယ်လိုကောင်းတုန်းပဲဆိုတဲ့အကြောင်း....။

စကားလုံးတွေနဲ့ မသီ
မျက်လုံးချင်းဆုံရင်း မိတ်ဖွဲ့ 
စာလုံးတွေစီထားတဲ့ စကားလုံးတေနဲ့ဖွင့်ဟ
ဟေ့..သူငယ်ချင်း ဆိုတဲ့ တရင်းတနှီးသံ နဲ့ 
အဲ့ချိန်က..
ငါ ...မရင်းနှီးခဲ့ရတာက 
ငါ့..နောင်တလို့ ဆိုပေမယ့်  
ငါ့..စိတ် တသီတန်းကြီးထဲမှာ 
သူငယ်ချင်းတွေရဲ့ ငယ်သွင်ပြင်တွေက 
အတိတ်မြို့လေးရဲ့ ကျောင်းအိုအို နဲ့အတူ
ရှင်သန်ကျန်ရစ်သစ်လွင်နေတုန်းပါပဲလေ....။

             စစ်သွေးညို (22.8.2025)10:50PM

No comments:

Post a Comment