Pages

Saturday, August 2, 2025

တချို့ အရာက ကိုယ်ချင်းစာလို့ နာကြည့်မှ

လူသားတစ်ဦးကို
ဝစ်လစ်စလစ်နဲ့  မြင်လိုက်ရရင်ကိုပဲ
လူတိုင်းရဲ့ ခေါင်းဖျားမှာ
အရှက်တရားလို့ သတ်မှတ်
ပြီးရင်..အော့နှလုံးနာပြကြတယ်
ဘယ်ဘာသာ ဘယ်သမိုင်းကြောင်းပဲ
အခြေခံပြီးဆိုဆို...
ဘုရားသခင် အနေနဲ့
ဖန်ဆင်းပေးလိုက်ကတည်းက ဝစ်လစ်စလစ်ပဲ
သဘာဝတရား အနေနဲ့
ဖန်ဆင်းပေးလိုက်ကတည်းက ဝစ်လစ်စလစ်ပဲ
အမြင်မတင့်တယ်ပါဘူးဆိုပြီး.. နှာခေါင်းရှုံ့ ကြ
တကယ်တော့..
အဲ့ဒီ အမြင်မတင့်တယ်တဲ့ ​အရာကနေ
ကျုပ်တို့ကို..ဖန်ဆင်းခဲ့တယ်ဆိုတာ
ကျုပ်တို့ မေ့နေခဲ့ကြ ..
ကျုပ်တို့က ကိုယ်တိုင် ရှင်လျှက်နဲ့
ပုပ်သိုး ရိရွဲနေတာကို မေ့နေခဲ့ကြပြီး
သူတပါး ပုပ်သိုးနေမှု့ကြီးကို
မေးငေါ့ လက်ညှိုးငေါက်ငေါက်ထိုးရင်း
မောက်မာခဲ့ကြ..
လူတိုင်းက ကိုယ့်သေတွင်းထဲမှာ
သေဆုံးဖို့ မွေးဖွားလာတယ်ဆိုတာကို
မေ့လျော့ နေခဲ့ကြသလို
သေဆုံးခြင်း ဆိုတာ
အဲ့ဒီ့..သေတွင်းထဲက
ကျုပ်တို့ရဲ့ လွတ်လပ်ခြင်းပဲဆိုတာ
သတိမပြုကြသေးဘူး ..
သတိပြုမိတဲ့ချိန်ကြတော့...
ဘယ် အရာမှ မတည်မြဲပါဘူးဆိုပြီး
သေဆုံးခြင်းကို ရင်ဆိုင်ဖို့
မိမိကိုယ်ကို သနားသောတရား နဲ့
ချက်ချင်း လက်ငင်းကို တရားရလိုက်ကြပေမယ့်
မှန်တချပ်ပေါ် က
ကိုယ့်အလှတရားနဲ့ ကောက်ကြောင်းကိုပဲ သတိမူ
ကိုယ့်မျက်နှာကိုယ် စေ့စေ့ကြည့်ဖို့ မဝံရဲကြဘူး
ဘာလို့လဲ....
ဆိုတော့...
သူတပါး အတ္တကို မြင်မိကတည်းက
ကိုယ့်အတ္တကိုယ် သတိပြုမိသွားမှာစိုးလို့တဲ့..
ကြောက်ရွံခြင်း ကင်းပါတယ်ဆိုတဲ့ သူတောင်
ကိုယ့် အတ္တကိုယ် မြင်နိုင်မယ့် တရားတွေနဲ့
ခပ်ကင်းကင်းနေကြလေရဲ့
လောကရဲ့..
တကယ့် အကြောက်တရားစစ်စစ်က
ကိုယ့်ကိုကိုယ် ပြန်မြင်ရခြင်း မို့လို့လေ
ကိုယ်ကိုယ်တိုင် ဇွတ်မှန်ပစ်လိုက်သမျှမှာ
တဖက်က ငြိမ်သက်ပေးနေလိုက်ရုံနဲ့
လောကနဲ့ချီပြီး
သူတို့က လူမှန်တွေ ဖြစ်ကုန်ကြရော
ထိမသိ နာမသိ
ခံစားချက်မသိတဲ့  လူတချို့ကို
ကိုယ်ချင်းစာတရား​လေးဟောဖို့
သေဆုံးသွားတဲ့ ဘုရားသခင်က အခုချိန်ထိ
ပြန်ရှင်သန် မထမြောက်လာသေးဘူး
ကိုယ်ကိုယ်တိုင် ပြစ်ပြစ်နှစ်နှစ်
ကျိန်စာတိုက် ကျမ်းကျိန်တာတောင်
ဇွတ်မှန်ပြနေတာများ
အချိန်တွေနဲ့ ကြိုးကွင်းစွပ် စတေးပြမှပဲ
ချိန်ခွင်လျှာရဲ့ တည်ရှိမှု့ကို
အသက်ရှင် နေထိုင်းခြင်းနဲ့
သေဆုံးခြင်းဆိုတဲ့ ကြားကာလမှာ
မြင်နိုင်ကောင်း မြင်နိုင်မယ် ထင်တာပါပဲ.

No comments:

Post a Comment